ရာသီလာချိန်ဆိုရင် ပုံမှန်ထက် ပိုပင်ပန်းနေရတာ ဘာကြောင့်လဲ
ရာသီလာချိန်တွေမှာ ဘယ်လိုပဲ စားစား အားမရှိသလိုပဲ ဖြစ်နေတယ်။ ဘယ်လောက်အိပ်အိပ်လည်း အိပ်ရေးမဝသလို ဖြစ်နေတယ်။ ရာသီလာချိန်မှာ ပုံမှန်ချိန်တွေထက် ဘာလို့ ပိုပင်ပန်းနေရတာလဲ ဆိုပြီး သိချင်နေတဲ့ အမျိုးသမီးထုကြီးများ ရှိလား? ဒါဆိုရင်တော့ သိချင်နေတဲ့ အကြောင်းအရင်းကို အခြေထုတ်ပေးမယ့် ဆောင်းပါးလေး လာပါပြီ။
ရာသီလာချိန်မှာ ပင်ပန်းတာ ပုံမှန်ပဲလား?
ရာသီမလာခင် ရက်တွေနဲ့ ရာသီလာချိန်တွေမှာ အားမရှိသလို ခံစားရတာ၊ ခြေကုန်လက်ပမ်းကျတာ၊ ပင်ပန်းတာတွေက အမျိုးသမီးတိုင်းလိုလိုဆီက ကြားရတတ်တဲ့ ရာသီလာချိန် အတွေ့အကြုံလေး တစ်ခုပါ။ ဒါကို ရာသီလာချိန် ပင်ပန်းခြင်းလို့ပဲ အမည်တပ်ချင်ပါတယ်။
ဒါက ပုံမှန်ပဲလို့ ပြောရပါမယ်။ အလွယ်ဆုံး တွေးကြည့်ရင် ကိုယ်တွင်းက သွေးတွေ သံဓာတ်တွေကို ဆုံးရှုံးတဲ့ ဖြစ်စဉ် တစ်ရပ်မှာ ကိုယ်တွင်းက အင်အားတွေ ဆုတ်ယုတ်ပြီး ပင်ပန်းတာက ဖြစ်သင့်တဲ့ ဖြစ်စဉ်လို့ပဲ ဆိုရမှာပေါ့။
ဘယ်လို လက္ခဏာတွေ ခံစားရမှာလဲ?
ရာသီမလာခင်နဲ့ ရာသီလာချိန်မှာ ပင်ပန်းတာကို အမျိုးသမီးတိုင်းရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ခံစားကြရပါတယ်။ ဒီလို ခံစားရတဲ့ အကြောင်းအရင်းတွေကတော့ ဟော်မုန်း ပြောင်းလဲတာကြောင့်ပါ။ လက္ခဏာတွေ အနေနဲ့ကတော့
- ခေါင်းကိုက်တာ
- အိပ်မပျော်တာ
- စားသောက်မှုပုံစံ ပြောင်းလဲတာ
- ခြေကုန်လက်ပမ်းကျတာ
- စိုးရိမ်စိတ်များတာ
- စိတ်ဓာတ်ကျတာ
- စိတ်အပြောင်းအလဲ ဖြစ်တာ
- အကြောင်းအရင်း မရှိဘဲ ငိုချင်တာ
- ရာသီလာချိန် နာကျင်ကိုက်ခဲတာ
- လေပွတာတွေ ခံစားရနိုင်ပါတယ်။
ရာသီလာချိန်မှာ ပင်ပန်းနေရတာ ဘာကြောင့်လဲ?
ရာသီလာချိန်မှာ ပင်ပန်းရတာက ပုံမှန်ပါပဲ။ အကြောင်းကတော့ ကိုယ်တွင်းမှာ အီစထရိုဂျင်ဟော်မုန်း ကျဆင်းနေတာကြောင့်ပါ။ ဒီလို ဟော်မုန်းပမာဏ ကျဆင်းတာက စိတ်ခံစားမှု အပြောင်းအလဲ ဖြစ်စေပြီး ကိုယ်တွင်းမှာ အားမရှိသလို ခံစားရစေနိုင်ပါတယ်။
နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုကတော့ သံဓာတ် အားနည်းတာကြောင့် သွေးအားနည်းရောဂါ ဖြစ်တာကြောင့်ပါ။ သံဓာတ် လုံလောက်စွာ မရရှိတာက ခန္ဓာကိုယ်က ဆဲလ်တွေဆီကို အောက်ဆီဂျင် ပေးပို့ပေးနိုင်ဖို့ လိုအပ်တဲ့ သွေးနီဥဆဲလ်တွေ မထုတ်လုပ်နိုင်အောင် ဖြစ်စေတာကြောင့်ပါ။ မြင်သာတဲ့ လက္ခဏာတွေ အနေနဲ့ အားနည်းတာ ခြေကုန်လက်ပမ်းကျတာတွေ ခံစားရနိုင်ပါတယ်။
ရာသီလာချိန်မှာ စားသောက်မှုအပြောင်းအလဲ ဖြစ်တာကလည်း ရာသီလာချိန်မှာ ပင်ပန်းမှုကို ခံစားရတာပါ။ ရာသီလာချိန်မှာ အစားတွေ အရမ်းစားတာက သွေးတွင်းသကြားဓာတ် မြင့်တက်တာ၊ သွေးတွင်းသကြားဓာတ် ကျဆင်းတာတွေကို ဖြစ်စေပြီး ပင်ပန်းတာကို ခံစားရစေတာပါ။
ရာသီလာချိန်မှာ အိပ်စက်မှု အနှောင့်အယှက် ဖြစ်တာကလည်း ရာသီလာချိန်မှာ ပင်ပန်းမှုကို ခံစားရစေတဲ့ အကြောင်းအရင်းပါ။ ရာသီလာနေတာကြောင့် ကိုက်ခဲတာ၊ စိတ်ခံစားမှု အပြောင်းအလဲတွေကြောင့် အိပ်ပျော်ဖို့ ခက်တာတွေကလည်း ရာသီလာချိန်မှာ ပင်ပန်းတာကို ခံစားရစေနိုင်ပါတယ်။ ဒီလို ပင်ပန်းတာကို ရက်အနည်းငယ်ကြာ ခံစားရနိုင်ပါတယ်။
မွန်မွန်